Sunday, August 17, 2014

ရှင်းသန့်စင်ကြယ်သော ၀ါဆိုဦး သို့ ရည်စူးလျက်



(ဤစာစု ဖြင့် အမေရိကန်နိုင်ငံ တွင်ဝါဆို နေသည့် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ လျက် ဦးတင် ကန်တော့အပ်ပါတယ်။ )

မေမေချစ်သောသားသားနဲ့မီးမီးရေ..

ငြိမ်းချမ်းအေးမြသော မိုးရေစက် တို့ နဲ့ လွှမ်းခြုံထားတဲ့ ၀ါဆိုဦးကာလ တစ်ခုကိုကူးပြောင်း ရောက်ရှိ တာကြာခဲ့ပါပကော..။

ဒီတစ်ဝါဆို ခဲ့ရင် တော့မေ့မေ့ ရဲ့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး က များပြားလှ တဲ့ ရန်ကုန် မှာ တပည့် ဒါယိကာ ဒါယိကာ မများပရိသတ်ကို ထားရစ်ခဲ့ကာ အမေရိကန် နိုင်ငံမှာ ၀ါဆိုလျက်ရှိနေတာ မို့ ဒီနှစ်တော့ ၀ါဆိုသင်္ကန်း ကပ်လှူဒါန်းခွင့် မရနိုင်တော့ ပြီကော..။

ဆရာသခင်ကျေးဇူးရှင် ရဲ့ အရိပ် နဲ့ဝေး နေကာမှ….ကျေးဇူးဆပ်လိုလျှင် ဆုံးမသွန်သင်တဲ့အတိုင်း ကျင့်ကြံနေထိုင်နိုင် အောင်ကြိုးစား ဘို့ကို သတိရမိပါတယ် ..ကလေးတို့ရေ..။

မေမေ ကတော့ မေမေ နှစ်ရှည် လများ သင်ယူလေ့ကျက်လာတဲ့ လောကီစာပေ တွေ ဟာ မေမေ့ကို မာန တရားတွေ နဲ့ နိမ့်ကျ စေမှာ… ဂုဏ်မောက် တဲ့စိတ် နဲ့ ပလွှားနေမိမှာ စိုးလှပါတယ်..။

သတိဆိုတာကလည်းအခါခပ်သိမ်း တည်ရှိ နိုင်နေတာမဟုတ် လေတော့ တစ်ခါတခါ ကျေးဇူးတရား ကိုမေ့ တတ်တဲ့ မမြင်မိတဲ့အခါ မာန ဆိုတာ မိုးရေစက်တွေကြောင့် ပေါ်လာတတ်တဲ့ မှိုပွင့်လေးတွေလို ပေါ်ပေါ်လာတတ်တာ အမှန်ပါပဲကလေးတို့ရေ..။

ကျေးဇူး တရား ကိုမြင်အောင်ကြည့် ဘို့ သင်ကြားပေး ခဲ့သော်လည်း တကယ်တမ်းကျရင်မာန လက်နက်ကိုသာ ထုတ်ထုတ် သုံးတတ်တာ အကျင့်ပါနေခဲ့ပါ တယ် ကလေးရေ..။ မာန နဲ့ အတူ အပြစ်တင်လိုစိတ် မကောင်းမြင်စိတ်တွေပါလာတော့ နှုတ်နဲ့ဖြစ်စေ..စိတ်နဲ့ ဖြစ်စေ ပြစ်မှား မိတာပေါ့နော်..။
မသိနားမလည်လို့ ပြစ်မှားများမိတဲ့ ကာယကံ ဝစီကံ မနောကံတွေကို Computer ထဲက File ဟောင်းတွေရှင်း လင်းပြီးDelete လုပ်သလို ရှင်းပြစ်ရပါလိမ့်မယ်..။
မာန ဖိုင်…၊အာဃာတဖိုင်…….၊
အညှိုးအတေးဖိုင်တွေ…အမုန်းဖိုင်တွေ….အကုန်ပါတယ်နော်..။

ပြစ်မှားမိသူများကို တောင်းပန်ဝန်ချမှုနဲ့ အတူ ကိုယ့်ကို ပြစ်မှားသူများကိုလည်း ခွင့်လွှတ်စိတ်နဲ့ အတူ Delete လုပ်ကြရပါလိမ့်မယ် ကလေးတို့ရေ…။
ခင်ပွန်းကြီး၁၀ပါးကန်တော့ပွဲနဲ့ အတူသားသားနဲ့ မီးမီးတို့ကို အမှတ်တရဖြစ်စေမဲ့ စကားလက်ဆောင်ပါးရအောင် သည် တစ်ခါ သမိုင်းကြောင်းလေးကို ရေးဘို့ စဉ်းစားမိခဲ့ပါတယ်..။
သည် ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပွဲ ကျင့်စဉ် သည် ဘုရားဟော တရားများကို မှတ်တမ်းတင် ထားတဲ့ ပိဋကတ်သုံးပုံတွင် မပါဝင်ပါ ကလေးတို့ရေ..။

ဝိသုဒ္ဓိမဂ် တွင် ပါဝင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ကို သားတို့ကို ပြော ပြချင်ပါတယ်..။တစ်ခါ က ရဟန်းနှစ်ပါးဟာ အတူ ဆွမ်းခံထွက် ကြတာ…။အသက် ကြီးတဲ့ ရဟန်း ဟာ လေနာရောဂါရှိတော့ ဆွမ်းခံပြန်ရာ လမ်းတစ်နေရာရဲ့ လမ်းပေါ်မှာ ပဲ ယာဂုဆွမ်းကို မော့သောက် ဘုဉ်းပေးလိုက်ပါတယ်..။ဒါကို ရဟန်းငယ် ကစိတ်ထဲက တွေးမိသတဲ့..။

လမ်းမှာတောင် မအောင့်အီးနိုင်ပဲ သောက်တာဆိုတော့ (အသက်ကဖြင့်ကြီးလှပြီ…ကျောင်းရောက်မှသောက်တာ မဟုတ်..သည်လို ဘုန်းကြီးမျိုး ရှိလို့ တို့သာသနာ ရှက်စရာကောင်းတာ)လို့ စိတ်ထဲက ကဲ့ရဲ့ပါတယ်..။သူ့ရဲ့ စိတ်အတွေးကို ယာဂုဘုဉ်းပေးတဲ့ ရဟန်း ကြီးကသိတော် မူတဲ့ အတွက်…နှုတ်က ဖွင့်မေးပါတယ်..ငါ့ရှင် သာသနာ မှာ ထောက်ရာ တည်ရာ ရခဲ့ပါပြီလားလို့မေးတဲ့ အခါ….ရဟန်းငယ်က သောတာပန်တည် ပြီးပါ ပြီ..လို့ ပြန် ဖြေပါတယ်..။
တရားဆက် အားမထုတ်နဲ့တော့လို့ ပြန်ပြော ပါတယ်.. အရိယာ ပုဂ္ဂိုလ်ကို ပြစ် မှားမိခဲ့တာ ဖြစ်သွားတာ ဆိုတာကို ရဟန်းငယ်က ချက် ချင်းသဘော ပေါက်ပါတယ်..။
ထိုရဟန်းသည် ရဟန္တာ ဖြစ်တယ် ဆိုတာ ချက်ချင်းသိသွားတော့ ချက်ချင်းတောင်းပန် ကန်တော့လိုက် တာ သူ့ရဲ့ အပြစ်ဟာချက်ချင်း ပြေပျောက် သွားခဲ့ရပါတယ်..။
ဝိသုဒ္ဓိမဂ်လာ သည် ဇာတ်လမ်းလေးကို အခြေခံ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု နယ်ပယ် မှာ ထည့်သွင်းပေါင်းစပ်ပြီး မာန်လည်ဆရာတော် ဘုရားတို့ တခြားသောဆရာသမားများက သည် လင်္ကာလေးကို ရေးသားခဲ့ပါတယ် ကလေးတို့ရေ..။

အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ပြောတတ်ပြစ်ဆို၊ အမျက်သို၍
မလိုရန်မျိုး၊ထိုသူမျိုးဝယ်၊ဆယ်မျိုးပြစ်ဒဏ်ရမြဲမှန်ခဲ့..။

သွေးအံဖြစ်လွယ်၊ရောင်းဝယ်ရှုံးခြင်း၊
ချို့ယွင်းအင်္ဂါ၊ နူနာ ကုဌ
ရှုးကြဖောက်ပြန်၊မင်းဒဏ်သင့်ခန်း၊ကြမ်းတမ်းစွပ်စွဲ၊
သေကွဲသားချင်း ပျက်ခြင်းစည်းစိမ်၊
နေအိမ်မီးလောင်၊ဒုက္ခကောင်သည် ၊
လု့ဘောင် ဒိဌ ၊ တွေ့ ကြုံရ၍
သေကမလွဲ၊ အပါယ်ငရဲဝယ် ကမ္ဘာစွဲ၏..။

ရောက်ဆဲလူ့ပြည် တက် ပြန်လည်သော်..။
ကျက်သရေမွဲ၊မဂ်ဖိုလ်လွဲသည်…
အမြဲကြမ္မာ ဝဋ်ကြောင်းပါသည်…ရှောင်ရန် ဓမ္မအန္တရာယ်တည်း။

(မဂ်တား၊ဖိုလ်တားပါဖြစ်တတ်ပါတယ်..။)

မေမေတို့ ပိုင်းလော့ဆရာတော်ဘုရား စာ အုပ် မှာကတော့ အလယ် အပိုဒ်ကို ဖေါ်ပြ ထား ပါတယ်..။
ဆရာတော်ဘုရားရဲ့ ကျောင်းကတရားစခန်းပွဲတွေမှာ…မဂ်ဉာဏ် ဖိုလ်ဉာဏ် လက် လှမ်းမှီဘို့ အတွက် တားမြစ်ပိတ်ဆို့ထားတဲ့ ပြစ်မှားကံတွေပြေပျောက်အောင် သစ္စာလေးပါးမဟောခင် ညနေမှာ အမြဲစီစဉ်ကန်တော့စေတာ ဖြစ်ပါတယ်..။

သည်ကဗျာကို ဓမ္မစေတီဆရာတော်ဘုရားရဲ့ ဆရာ တော် ဦးဥက္ကံသဗုဒ္ဓိက လွန်ခဲ့ တဲ့ အနှစ်၇၀ကျော် ကတည်း ကရရှိ ထိမ်းသိမ်းထားပြီး ဆရာတော်ကို ပေးခဲ့ တာ ဖြစ်ပါတယ်..။မူရင်းကို ဓမ္မစေတီဆရာတော်ဘုရားက ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်..။

အခုခေတ် တွင်တွင်ကျယ် ကျယ် ဖြစ်နေတာ ကတော့ ယခု နိုင်ငံတော် သံဃာ့ဝန်ဆောင်ဆရာတော် ဒုတိယဥက္ကဋ္ဌ ဖျာပုံတိုက် သစ်ဆရာတော် ဦးသြဘာသာဘိဝံသ ရေးသားတဲ့ သုတေသနရုပ်ပြ အဘိဓာန်မှာ ဖေါ်ပြခဲ့တာ ကို ကိုးကားကြတာ လို့ ဓမ္မစေတီဆရာတော် က ဆိုပါတယ် ကလေးတို့ရေ..။
အဲဒီဆရာတော်ဘုရားကိုးကားသော ဇာတ်ကလည်း တေမိဇာတ်ကိုမှီ ငြမ်းခဲ့တာ ဖြစ်ပါတယ်..။အဲဒီတေမိဇာတ်မှာလည်း ခင်ပွန်းကြီး၁၀ပါးရယ် လို့ တိတိကျကျရေတွက်ပြမထားပါဘူး..။မိဘ နှစ်ပါးကို စိတ်ဆင်းရဲစေမှု မပြုပါနဲ့လို့သာ ပါပါတယ်..တဲ့..။

လူတွေဟာ မစ္ဆရိယ စိတ်ရှိကြတဲ့ အတွက် သူတစ်ပါးကိုပြစ်မှားတတ်ပါတယ်..။
အဲဒီ မစ္ဆရိယ (မိမိစည်းစိမ်ကို လှို့ဝှက် ဝန်တိုခြင်း)ကြောင့်အရိယာတို့ကို စွပ်စွဲခြင်းဆိုတဲ့ အရိယူပဝါဒကံ ထိုက်တတ် လို့ ရှေးဆရာတော် ဘုရားကြီးများ က လောကနီတိ အဖြစ် ချန်ထားခဲ့တယ်လို့ပဲသတ်မှတ်ရမှာပါပဲ..။

အခု သည် နည်းကို သင်ကြားဆုံးမပေးတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး က တရားမဟောခင် မှာ ၆နှစ်လောက်လက်တွေ့စမ်းသပ် ပြီးမှ တောတွေမှာ စဟောတာ..အထောက် အထားများစွာ မှတ်တမ်းတင် ပြီးသားတွေရှိနေပါတယ်..။

ဆရာသမားရဲ့ ဆုံးမ မှုကြောင့်အသက် ၅၀ကျော်မှာ မှမြို့ပေါ်တက်ခဲ့တယ်..နောက်တော့ရဟန္တာ ကြီးများရဲ့ အိမ်မက်ပေးချက်အရ..နိုင်ငံခြားတိုင်းပြည်တွေ ကို ပါ ဆရာတော် ရောက် ရှိဟော ကြားခဲ့လို့ မေမေတို့ ကံကောင်းစွာ ရရှိခဲ့တာ ဖြစ်ပါတယ် ကလေးတို့။

တကယ် လို့ ဓမ္မစေတီဆရာတော် က ကျမ်းကိုးကျမ်းကားနဲ့ထောက် ပြပြောဆိုခဲ့ရင်လည်း ပိုင်းလော့ဆရာတော် ဘုရားကြီးက လက်ခံမှာ ပါပဲ.. မာန်မာန မှ မရှိတော့တဲ့ အပြင် ကျေးဇူးတောင် တင် အုံးမှာ ပါပဲ..။ပြောပြပြီးလောက်ပြီလို့ယူဆရပါတယ်..။
ပိုင်းလော့ဆရာတော်ဘုရားကြီးက ဓမ္မစေတီဆရာတော် ဘုရားရဲ့ ထက်မြက်မှု နဲ့ ပိဋကတ်စာပေ ကျွန်းကျင်မှုကို ချစ်ခင် မြတ်နိုးတာ ကို သူတို့ နှစ်ဦး မုံရွာကို တရားဟော တူတူ သွားခဲ့တာ ၊ရင်းနှီးခဲ့ကြတာ တရားတွေထဲမှာမေမေ နာယူရဘူးပါတယ်..။

ဓမ္မစေတီဆရာတော် ကလည်း ရိုးသားတဲ့ စကားတစ်ခွန်းမိန့်ဘူးတယ်..သူဟောတဲ့ တရာေးတွက စာပေကျွမ်းကျင်တဲ့ ဒေသနာ ဉာဏ်နဲ့ပြောတတ်ဆိုတတ်တာဖြစ်တယ်..ပိုင်းလော့ဆရာတော်ဘုရားကတော့ ကိုယ်တိုင် ထိုးထွင်းသိတဲ့ ပရိဝေဒဉာဏ် နဲ့ ဟော တာလို့သူ့ရဲ့တရားတစ်ပုဒ်မှာ ဟောဘူးပါတယ်..။

ခြုံငုံပြီး ပြောရရင် ..မေမေ ကြိုက်တဲ့ အချက် ကတော့…အခိုင်အမာ ပြဆိုထားတဲ့ ဘုရားဟောတစ်ခုဖြစ်ပါတယ်...။ ဘဝသံသရာရှည် လွန်းလို့ မတော်ဘူးတဲ့ ဆွေမျိုး၊အမိ အဖ မရှိ..။ထို့ကြောင့် လောက ၌ ပြစ်မှားခြင်းငှာ ထိုက်သော သူ ဆိုတာမရှိလို့ ပိုင်းလော့ဆရာတော်ဘုရားကပြဆိုတာကို ပါ..။

အဲဒီ အသိလေးဝင်လာတော့…မေတ္တာ တွေပွားရတာ အလွန် လွယ်ကူလာ ပါတယ်..။တစ်ဦးနဲ့ တစ်ဦးဟာ မဆိုင်သလို ခြံစည်းရိုးခြားမနေတော့ပဲ တစ်လောကလုံးရှင်းလင်းတဲ့ အမြင်နဲ့..လုံခြုံနွေးထွေးလာပါတယ်..။

ကျေးဇူးမြင်ရင် မေတ္တာပေါ်သည်။ ကျေးဇူးပျောက်ရင် မာန ပေါ်သည်..။
မေတ္တာ ဖြစ်ပေါ်စေသော အနီးကပ်ဆုံးအကြောင်းရင်းသည် ကျေးဇူးကိုဖေါ်ပြပေးခြင်းဖြစ်သည်..။

မေတ္တာနဲ့ကျေးဇူးတရားကို ကျွမ်းကျင်သွားတော့ လောကီအောင်မြင်ရေးလှို့ဝှက် ချက် တံခါးတစ်ချပ်ပွင့်သွားတဲ့သဘောလို့ပဲမေမေခံယူပါတယ်..။မေမေပထမရေးခဲ့ဘူးသလို..

လက်ရှိအခြေအနေ+ ? =သုံးလို့ မကုန် လှူ လို့ မခမ်း ချမ်းသာ ကြွယ်ဝသော ဘ၀အခြေ နေ

ပထမမေး ခွန်းရဲ့ အဖြေက..သာ မာန် လူသား ဘ၀ကနေ ၃၂ပါး သော ယောင်္ကျား မြတ်တို့လက္ခဏာဖြင့် ပွင့်ထွန်းတော် မူသော ဘုရား အဖြစ်သို့ရောက်အောင် ဖြည့် ဆည်း ခဲ့တဲ့ ၁၀ပါးသော ပါရမီ ကို ဖြည့်ကျင့်ရမယ် တဲ့…မေမေက ဆရာတော် အရှင် ဆန္ဒာဓိကတရားတော် ထဲက နေ ဆရာတော် ကျက် ခဲ့ သလို မှတ်ရလွယ်အောင်..

ဒါန၊ သီလ၊ နေက္ခမ္မ ၊ပညာ့ ၊၀ိရိ ယာ။
ခန္တီ ၊သစ္စ၊ ဓိဋ္ဌာန ၊မေတ္တ၊ ဥပေက္ခာ..။

လို့ ကျက် ထားပါ..။ဆရာတော် ဘုရားက.. ၁၀ပါးသောပါရမီ မို့ ခက် မယ် ထင် မှာ စိုးလို့ နည်းကောင်းပေးတယ်..။ မေတ္တာ ပါရမီ က စကျင့်ရင် ၁၀ပါလုံး ဖြည့် ကျင့် ပြီးသား ဖြစ် သွား မယ်တဲ့.. စဉ်း စား ကြည့်လေ..။

တဘက် သား ကို ပေးလှူ ဘို့ ဒါနပါရမီ စတင်တဲ့ အခါ ချစ် မှ.. မေတ္တာ ရှိ မှ ပေး လို့ ရတာ မဟုတ်လား။
မေတ္တာ ရဲ့ အရှိန် အဟုန် နဲ့.. အပင် ပန်းတွေ ခံ နိုင် တော့ ခန္တီ ပါရ မီ ဖြစ် သွားတယ်..။အာရုံခံစားမှုများကို ကိုယ် ခံစား မယ် သုံးဆောင်မယ် ဆိုတဲ စိတ်ကို ချိုး နှိမ် နိုင်တော့ နိက္ခမ ပါရမီ ဖြစ် သွားတယ်..။မဖြစ် ဖြစ်အောင် လုပ် မယ် ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဆိုတော့ အဓိဌာန ပါရမီ တွေ..ဖြည့် ကျင့်ရာရောက် ပါတယ်..။ထမြောက်အောင်မြင်အောင်လုပ်တော့ ဝီရိယပါရမီ ဖြစ်သွားပါတယ်..။
ဉာဏ် နဲ့ ချဲ့ ထွင် စဉ်းစားကြည့်ပါနော်..ဒါဆို.. ပထမမေး ခွန်း ရဲ့ အဖြေ ရပါ ပြီကလေးရေ…။

နိဂုံးချုပ်ရရင်တော့ ပါရမီကျင့်စဉ် တစ်ခု အဖြစ်လည်းကောင်း၊ မိမိကိုယ် ကို နှိမ့်ချတောင်ပန် ခြင်း။ပူဇော်ထိုက်သူကို ပူဇော်တဲ့ မင်္ဂလာ တရားတော် နဲ့လည်းကိုက်ညီတဲ့ ကျင့်စဉ်လေး အဖြစ်ဝါဆိုဦးးအချိန် ကာလသမယမှာ တန်ဘိုးထားလုပ်ဆောင် ကြတာပေါ့ကလေးတို့ရေ..။

အပြစ်များမှရှင်းသန့်စင်ကြယ်သော ကလေးများ ဖြစ်ကြပါစေ…။

ချစ်သောမေမေ

မေတ္တာဖြင့်
သစ္စာအလင်း

တစ်စစီ……ကွဲကြေ





သားသမီးများ နှင့် တပည့်တွေ ကို ကိုယ့်ထက် သာလွန် ကောင်းမြတ် လိုတဲ့ စိတ် လွှမ်းမိုး ကာ* ငါ့အလို * ကဒီလို ဆိုတာ မျိုး ဖြစ်လေတိုင်း ကျွန်မမှာ ဆူတတ်သော ၊ အပြစ်ပြော ဆိုတတ်သော သူတစ်ယောက်ဖြစ်ခဲ့ရပါတယ်..။
အပြစ်ကို ထောက်ပြ ခြင်း ၊ ဆူပူကြိမ်းမောင်း ခြင်း ရဲ့ နောက်ဆက်တွဲ ရလဒ် သည် ဝမ်းနည်းခြင်း မှ နာကြင်ခြင်း၊ နာကြင်ခြင်း မှာ နာကျည်းခြင်း သို့ ကူးပြောင်း သွားတတ်တာ ကလွဲပြီး ဘာ မှ တိုးတက် မလာ ကို သိတဲ့ အခါ မှာ တော့ ထိန်းသိမ်း..သိမ်းဆည်း မိ အောင်ကြိုးစားလာ နိုင်ခဲ့ပါတယ်..။

တကယ် တော့လည်း စာမေးပွဲ ကျ သူတစ်ယောက် ဟာ… သူတပါး လို အောင်မြင်ချင်စိတ် အရှိဆုံး ဟာ သူကလွဲ ပြီး ဘယ်သူမှ မဖြစ် နိုင်ပါ..။

ယူကြုံးမရ..ဆုံးရှုံး ရလေခြင်း ဆိုတဲ့ စိတ် ဟာ ကိုယ့်ကိုကို ထာဝစဉ် နှိပ်စက်နေတတ်တာမျိုး ပါ..။

ကျေးဇူးတော်ရှင် ဂျုံးဂျုံးကျ ဆရာတော် ဘုရားကြီး မိန့် ခဲ့ဘူးတဲ့ စကားလေးတစ်ခု ကျွန်မ သွားသတိရ မိပါတယ် ပညာရှိ နဲ့ လူမိုက် တခြား မှာ သွားမရှာ ပါနဲ့ တဲ့…ကိုယ့်သန္တန် မှာ တစ်လှည့် စီ ဖြစ်နေတာ တဲ့..*အချိန်ပိုင်း လူမိုက် ၊ အချိန်ပိုင်း ပညာ ရှိ * တွေပေါ့ တဲ့..။

လူမိုက် ဖြစ်စဉ် တစ်ခဏ မှာ ကျူးလွန် မှားယွင်း ခဲ့တာတွေ ဟာ ပညာရှိ စိတ် ဖြစ်တဲ့ အချိန်ပိုင်း အလှည့် ရောက်ပြန် တော့ သူများတွေ တင်အပြစ်တင်တယ်ဆိုတာ နည်းပါသေးတယ်..။

မိမိကိုယ် မိမိ အပြစ်တင်စိတ် က ထပ်တလဲလဲ ကို တင်မိ..နေတာပါ..။ သတိရအောက်မေ့နေခြင်း ရဲ့ ဖိစီးနှိပ်စက်မှုကို ခံနေရတော့ တာပါပဲ..။

ဝိပါက် ကြမ္မာ ဆိုတဲ့ သဘာဝ ၊လောကနိယမ တရားသူကြီး က လည်း ဘုရားရှင်တောင်မှ ရှောင်လွှဲ တော် မမူ နိုင် အောင် အကွက်စေ့စေ့ စီရင် ဆုံးဖြတ်တော်မူပါသေးတယ်..။ဒီတော့ ကျွန်မ တို့ က ပါဝင် စီရင်စရာမလိုတော့ဘူးပေါ့နော်..။

လှူကြတန်းကြ ပူဇော်ကြတယ် ဆိုတာ ကလည်း ထို အချိန် က ပညာရှိ ဓာတ်ကိန်းဝပ်ချိန် နှင့်ထိုက်တန်ခဲ့ပေသမို့ သဒ္စ္ဒါ ထက်သန် ခဲ့ ကြပေတာ မို့ လှည့်ဖျားတယ် မဆို သာပြန် ။

ကုသိုလ် ဆိုတာ က ဘယ် နားမှာ ဖြစ်တာ လဲ………. မိမိ စိတ်နှလုံး ဟဒယ ဝတ္ထု မှာ..
ကုသိုလ် က ဘယ်အချိန်မှာဖြစ်တာလဲ …….. စိတ် နဲ့ အာရုံ အဆင်ပြေ တဲ့အတွက်.ကြည်လင် အေးမြ ငြိမ်းချမ်း နေတဲ့ အချိန်မှာပါ..။
ကုသိုလ် က ဘာကြောင့် ဖြစ်တာလဲ ……….*ယောနိသော မနသိကာရ* ဆိုတဲ့ သင်တင့်လျောက်ပတ်အောင် ဆင်ခြင် နှလုံးသွင်း နိုင်လို့ ဖြစ် ခဲ့တာပါ..။

ဒီတော့ စိတ်နှလုံးသားတည်ရာ ဟဒယ ဝတ္ထု မှာ အေးမြကြည်လင် တဲ့ ကုသိုလ် ဆိုတဲ့ ..အအေးဓာတ်အဟုန် ဟာ ထွက်ပေါ်လာ ခဲ့ပါတယ်..။
ဖြစ်ပေါ်ခြင်း ၊ ပေါ်ထွက်ခြင်း သဘော တွေပါတာ မို့ *အအေးဓာတ်အဟုန်* လို့ ဆိုကြောင်း ကုသိုလ် ရဲ့ သဘောကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က မိန့် ကြား တော် မူ ခဲ့ဘူးပါတယ်..။

နောက်ပြီး ဒီလောက ကို တစ်မျိုးတည်း ရယ်လို့ သိမ်းဆည်း ရှုမြင် နိုင်ခဲ့ တယ် ဆိုရင်ဖြင့် အရှုခံ အာရုံ ခန္ဒ္စာငါးပါးသာ ဖြစ်တာ မို့..ဖြစ်ပြီး တဲ့ နောက် က ပျက်ခဲ့ ပြီး ပါပြီ..။လှူဒါန်း သောသူများ လည်း ကုသိုလ်အဟုန်များ ဖြင့် အေးမြ ကြည်လင် ခဲ့ပြီး ပြီ မဟုတ်ပါလော..။အကျိုးများ စွာ ထင်ဟပ်ခဲ့ပြီး ပြီမဟုတ်ပါလော..။

ဝိပဿနာ သဘောတရား အရ လည်း အတိတ်သည် ဘယ်တော့မှ ပြန်မလာ ၊ အနာဂတ်ဆိုတာ ဖြစ်မလာ သေး ဘူး၊ ပစ္စုပ္မန် ဆိုတာကလည်း စက္ကန့်မလပ် ပြောင်းလဲ နေတာ မို့ ဖြစ်ပြီး ပျက်တတ်တဲ့ သဘော တွေက တရံ မစဲ လွန် ဆင်းရဲ လှပါတယ်..။
အပူဓာတ်အဟုန်များ နှလုံးသားမှာ ထွက်ပေါ်လာအောင် တွေး လိုက်တာ နဲ့ ကျွန်မ တို့ အကုသိုလ် ဖြစ် ရပါပြီ..။

ထို အပူဓာတ်ကို အများသူငါ အားကူးစက်စေခြင်း သည် မီး ပွား မှ မီးပုံ ဖြစ်အောင် လောင်မြိုက်လိမ့် မည် မဟုတ်ပါလော..။

နောက် ဆုံး ကျွန်မ တို့ အားလုံး ကို အယူခံ ဝင်ခွင့် လုံးဝ မရှိအောင် လွှမ်းမိုး အနိုင်ယူ မဲ့ သူ တွေကလည်း စောင့်နေပါတယ်…။ ဇရာ ၊ ဗျာဓိ၊ မရဏ ၊ အို နာသေ ဘေး ဆိုတာ တွေပါ..။

မနက်ဖြန် လောက်မှာ များ လူ့လောက ထဲက အပြီး အပိုင် ထွက်သွားမယ် လို့ သိလိုက်ရရင် ကျွန်မ တို့ ကျေးဇူး တရားတွေကို သတိရဆင်ခြင် မိကြ ပါလိမ့်မယ်..။

ထိရှကြေကွဲ လွယ် လှသော ကြက်ဥတစ်လုံး လို ဘဝမျိုးကို ပိုင်ဆိုင် ရပ်တည် ရသော သူအဖို့ ကိုယ့်ကို လာထိသမျှ ကိုယ်က သာထိရှ အက်ကွဲ တစ်စစီကြေကွဲ ရတာလည်း အမှန်ပါပဲလေ..။

ကြက် အကောင်ပေါက် ခွင့် မရှိတော့သော…… တွန်သံ မြည်ကြွေး ခွင့်မရှိ တော့ သော ဘဝကို ကြည်ရှု ခံစား ၊သုံးသပ် ဝေဖန် သူများစွာ တို့ ထက် ထို ကြက်ဥလေး က ပိုလွန် ကြေကွဲ နေမယ် လို့ ကျွန်မက တွေးထင်မိ ရင်း…………………………။
အရာရာကို နားလည် တတ်ခြင်း ၊ ခွင့်လွှတ်ခြင်း ဖြင့်အေးမြ ငြိမ်းချမ်းရပါစေသား ။

မေတ္တာဖြင့်
သစ္စာအလင်း

ဘုန်းဘုန်း အရှင် မဏိဇောတာလင်္ကာရ ( ရှင်မားရု) ၏ သြဝါဒ မွေးနေ့လက်ဆောင်




(ခရီး ထွက် တာတွေ နဲ့ အချိန် မကုန်ဘို့ ဆုံးမထားတာ ဖြစ်လိမ့်မယ်.. ကျေးဇူးပါဘုရား၊ ဦးတင်လျက်)

သုံးအချိုးနှစ်
-------------

တစ်က ပြန်စဖို့မလိုတဲ့ ရင့်ကျက်မှုနဲ့တင် မဂ်ပေါက်ဖိုလ်ဝင်တွေလ­ို ထင်းကနဲ။

ကုမာရမာတာနဲ့ သစ္စ္စာအလင်းကြားက ခြားနားချက်ဟာ အာမခံကဒ်ပြားမှ မဟုတ်တာ။

မြင်အောင်ကြည့်ရင် ပါရမီမှတ်တိုင်မှာ ရပ်စောင့်နေတာ တွေ့မယ်။

ရောမက လာခဲ့တယ်
ဆိုလိုတာက
သူမရဲ့ တကယ့်အလှကိုပါ ...

ခုလည်း အဲဒီတွန်းအားတွေနဲ့ လေယာဉ်မှူးကြီးခြေရင်­း သုံးအချိုးနှစ်နဲ့ အလှတရားကို တွက်စစ်နေတုန်း။

(၅၂) နှစ်ပြည့် မွေးနေ့ရှင် သစ္စ္စာအလင်းသို

စွန့်ခွာ ထားရစ်….( အရှင်ကောဏ္ဍည သို့ ပူဇော်ဦးခိုက်ခြင်း)

ဆရာ တော်ဝင်နွယ် ရဲ့ (သူတော်ကောင်းတို့ နှလုံးသား- စာ -၂၅-၃၅) ကို ဖတ်ရှု လျက် ပြန်လည် ရေးသား ပူဇော် အပ်ပါသည်။

စွန့်ခွာ ထားရစ် တယ် ဆိုတာ မချစ်လို့ မှ မဟုတ်တာ…။ အဝေးကိုပြေး ထွက်တယ် ဆိုတာကလည်း အနားမှမနေချင် လို့ မဟုတ် ဘူးဆိုတာ ..လောက သဘာဝ ရှိတတ်ကြပါတယ်..။
ရယူပိုင်ဆိုင် လက်ဝယ် ပိုင်နိုင် လေတိုင်းလည်း အောင်မြင် တဲ့သူလို့ သတ်မှတ် ရမယ် မထင်မိပါဘူး..။
မွန်မြတ်စွာ ဝေး ခဲ့ကြတဲ့….ဝေးခြင်း… များ စွာ…..
စိတ်သန့်စင်ကြည်နူး စွာ စွန့် လွှတ်ခဲ့တဲ့…စွန့်ခြင်း များစွာ ..
ရှိကြလေတယ် ဆိုတာ ကျွန်မ က နှလုံးသားနဲ့ ထပ်တူပြု ကာ..ယုံကြည် ခဲ့ဘူးပါတယ်..။
ဒီ နေ့ ဝါဆိုလပြည့် အခါသမယနေ့ ကလေးမှာတော့ ကိုယ့်နေရာ ၊ကိုယ့်အတ္တ ကို စွန့် လွှတ်ခဲ့သူ တစ်ဦး ရဲ့ သူတော်ကောင်း နှလုံးသားကို ကျွန်မ က ညွတ်ညွတ်နူးနူး ပူဇော် ချင်မိပါတယ်..။
ထိုသူတော် ၊ သူမြတ် တစ်ပါးကတော့ ဝါဆိုလပြည့် နေ့ မှာ သောတာပန်တည် ခဲ့တဲ့ ပထမ ဆုံး သောတာပန်လူသား… ဧဟိဘိက္ခူ ဖြင့် ပထမဆုံး လူသားရဟန်း ဖြစ်ခဲ့ တဲ့ ရဟန္တာ အရှင်မြတ် အရှင် ကောဏ္ဍည ပဲ ဖြစ်ပါတယ်..။
ကျွန်မတို့ရဲ့ ဂေါတမ ဘုရားရှင် ဖွား မြင်တော်မမူခင် ကပိလဝတ် နေပြည်တော် မှာ *ဒေါနဝတ္ထု * မည် တဲ့ ပုဏ္ဏ္ဏား ရွာ မှာ ဗြာဟ္မဏ မဟာ သာလ အမျိုးမှာ မွေးဖွားခဲ့ပြီး မိသားစု အဆက်အနွယ် နာမည် တိုင်း *ကောဏ္ဍည * လို့ ထင်ရှား ခဲ့ပါတယ်..။ ငယ်နာမည် ရင်းက *ယည* ဖြစ်ပါတယ်..။
ကောဏ္ဍည လုလင် ဟာ ကြီးပြင်းလာတဲ့အခါ ဗေဒင်သုံးပုံကို အကုန် အစင်သင်ကြားပြီး မဟာပုရိဿ လက္ခဏာတော် ကျမ်း ကို အကုန် အစင်တတ်မြောက် တဲ့သူပါ..။

ယောက်ျား ကောင်းယောက်ျားမြတ် တို့ ရဲ့ ကြန်အင်လက္ခဏာ နှင့် အကျိုးအပြစ် ကိုေ ဟာကြားတတ်တဲ့နေရာ မှာ တစ်ဘက်ကမ်းခတ်အောင်ကို တော်ခဲ့ပါတယ်..။* ဧကန် စင်စစ် ဘုရားဖြစ်လိမ့်မယ် * လို့ သူများနဲ့ မတူ ပြတ်သား ရဲဝံ့ စွာ ဟောကိန်းထုတ် နိုင်ခဲ့ သူလည်း ဖြစ်ခဲ့ပါတယ်..။
ကောဏ္ဍည လုလင် ဟာ အရွယ် ကြီး လာတော့ သူဟောကိန်းထုတ်တဲ့အတိုင်း မြတ်စွာ ဘုရားကို စောင့်ဘို့ တခြားသောပုဏ္ဏား ကြီး တွေ ရဲ့ သား-၄ ဦး နဲ့ အတူ ရဟန်းပြုခဲ့ကြပါတယ်..။
ဝါဆိုလပြည့် နေ့ မှာ သောတာပန်တည် ခဲ့တဲ့ ပထမ ဆုံး သောတာပန်လူသား…အရှင်ကောဏ္ဍည ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ။ ဝါဆိုလပြည့်ကျော် - ၅ရက် နေ့ မှာ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားဟောကြားခဲ့တဲ့ အနတ္တလက္ခဏသုတ္တန်အဆုံး မှာ ရဟန္တာ အဖြစ်ကို ရောက်တော် မူ ခဲ့ပါတယ်။ ရဟန္တာ ဖြစ်ရာ မှာလည်း ပထမဆုံး ပါပဲ။

လွန်ခဲ့တဲ့ ကမ္ဘာ တစ်သိန်းကာလ မှာ ပဒုမုတ္တရ မြတ်စွာ ဘုရားရှင် ရဲ့ ခြေတော်ရင်း မှာ သစ္စလေးပါးမြတ်တရားကို ထိုးထွင်းသိတော်မူ တဲ့ သူတွေ ထဲ မှာ ပထမ ဆုံး ၊ အဦးဆုံး ၊ အမြတ်ဆုံး ဖြစ်ရပါစေ ဘုရား လို့ ဆုချွေ ပန်ရွယ်ခဲ့ တာကြောင့်မို့ ပါ။
ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ သာသနာ မှာ အဂ္ဂသာဝက ၊ မဟာသာဝက ၊ ပကတိသာဝက ရဟန်းသံဃာ တွေ စုံ ညီစွာ ဖြစ်ပေါ်လာ တဲ့အခါ မှာ ဆွမ်းခံချိန်မှာ သာဝက အားလုံး ဝါစဉ်အတိုင်း ဘုရားရှင် ရဲ့ နောက်တော်ပါး ကနေ ကြီးစဉ် ငယ်လိုက် ဆွမ်းခံကြွ တော်မူကြရပါတယ်..။
မြတ်စွာ ဘုရားရှင် တရားဟောကြား တော်မူတဲ့အခါ မှာတော့ သံဃာစင် ရဲ့ အလယ် ဗဟို တန်ဆာဆင်ထားတဲ့ ဗုဒ္ဓါသန ဓမ္မပလ္လင်တော် မှာ ဘုရားရှင် ထိုင်တော်မူပါတယ်..။

လက်ျာ နံပါး မှာ ဓမ္မသေနာပတိ ၊ အရှင်သာရိပုတ္တရာ ၊ လက်ဝဲနံပါး မှာ ဓမ္မပုရောဟိတ ၊ အရှင်မဟာမောဂ္ဂလန် ထိုင်တော်မူကြရပါတယ်..။

အဲဒီအဂ္ဂသာဝက မထေရ် နှစ်ပါး ရဲ့ နောက်ကျောဘက် မှာ အရှင် ကောဏ္ဍည အတွက် နေရာခင်းထားပြီး ၊ ကျန်ရဟန်းတော် တွေဟာ အရှင်ကောဏ္ဍည ကို ဘယ်ညာဝန်းရံကာ ထိုင်တော်မူ ကြရပါတယ်..။
အဲဒီအဂ္ဂသာဝက မထေရ် နှစ်ပါး တို့ ဟာ အရှင် ကောဏ္ဍည မထေရ်မြတ် ဟာ သာသနာတော်မှာ အဦးအစ ၊ ပထမ ဆုံး သစ္စာလေးပါး ၊တရားသိသူ ဖြစ်တော်မူတာကြောင့် ရယ် ၊ အရွယ်တော် အားဖြင့်လည်း မိမိ ထက် ကြီး သူ ဖြစ်တာကြောင့် အလွန်မြတ်နိုးတန်ဘိုး ထားကြပါတယ်..။
ဒါကြောင့် သူတို့ ရှေ့ ဆုံး နေရာ ဦးမှာ ထိုင်နေကြရပေမဲ့ ချစ်ကြောက်ရိုသေ ဖြစ်ကာ မဝံ့မရဲ ရှိတော်မူကြသလို ၊ ရှက်နိုးအားနာ တော်လည်းမူကြပါတယ်..။
ထိုလို အခြေအနေမျိုးကို ရိပ်မိသိရှိတော်မူ တဲ့ အရှင်ကောဏ္ဍည ဟာ အဲဒီအဂ္ဂသာဝက မထေရ် နှစ်ပါး တို့ ဟာ ဒီလို နေရာမျိုး မှာ လက်ဝဲတော်ရံ ၊ လက်ယာတော်ရံ အဖြစ်ရရှိဘို့ အတွက် *တစ်သင်္ချေ နဲ့ ကမ္ဘာ တစ်သိန်း* ကြာအောင် ပါရမီ ဖြည့်ဆည်း ခဲ့ ရတယ်ဆိုတာကို မမေ့လျော့ ခဲ့ပါ..။ စာနာနားလည် ပေးခဲ့ပါတယ်..။ ငါရှိနေတဲ့အတွက် အားနာ နေရတယ်..။ မဝံ့မရဲ ဖြစ်ရရှာ တယ် ….။
အဲဒီအဂ္ဂသာဝက မထေရ် နှစ်ပါး ချမ်းသာစွာ နေရဘို့ *ငါ တခြားနေရာ ကို သွားမယ် * လို့ ဆုံးဖြတ်တော်မူခဲ့ပါတယ်..။
မေတ္တာ နဲ့ ယှဉ် တဲ့ နူးညံ့သိမ်မွေ့ တဲ့ နှလုံးသားတစ်ခု ရဲ့ အင်မတန် မှ လှပတဲ့ ငဲ့ကွက်မှု တစ်ခု ဖြစ်ခဲ့ရပါတယ်..။
အဝေး ဆုံးကို သွားမယ် ဆိုတဲ့ ထို နေရာ မှာ လေး ကို ဖတ်ရှုပြီး ရင်ထဲ မှာ နင့်နင့်သည်းသည်း နာကျင်ခံစားရပါတယ်..။ဘုရားရှင် နဲ့ အတူ နေထိုင်ရတဲ့ ၊ သီတင်သုံး ရတဲ့ ကာလ ဆိုတာ ၁ နှစ်တာ လောက်သာ ရှိခဲ့ရ ရှာ တာပါ..။
ကျွန်မ ငယ်ငယ် က ကြိုက်နှစ်သက်ဘူး တဲ့ စန္ဒယားချစ်ဆွေ ရဲ့ စိတ်တိုင်းကျ ဖြစ်ရစေ့မယ် သီချင်းထဲက *အဆင့်အတန်းမြင့်ဘို့သာ ပဲ..မောင်ရွယ် တယ်..ပို၍ဝေးသော နေရာသို့ ရှောင်ဖယ် မယ် * စာသားလေးကို ညည်းမိတိုင်း မေတ္တာဖြင့် ဆွေးမြေ့ သွားသော နှလုံးသားကို ခံစားတတ်ခဲ့ဘူးပါတယ်..။
လောကီ ထဲ မှာတောင် မေတ္တာ နှင့် ယှဉ် တဲ့အခါတိုင်း နင့်နဲ သိမ်မွေ့ သွား ရသလို..သိက္ခာ သုံးပါးရေပြင်ကျယ် မှာ ဖြတ်သန်းတိုက်ခတ်လာ တဲ့ ဗြဟ္မစိုရ်လေပြေ လေညှင်းဆိုတော့ အေးစိမ့် ငြိမ်းချမ်း ရတာ အမှန်ပါ။
အဂ္ဂသာဝက မဟုတ် ခဲ့သော်လည်း ဘုန်းကံ အင်မတန် ကြီးမားလှ တဲ့ မဟာ သာဝကကြီး တစ်ပါး ဖြစ်တော်မူတာမို့ ချဉ်းကပ်ပူဇော် သူများ များပြားလှပါတယ်..။
ဘုန်းကြီး ၊ ကျော်ကြား ၊ လာဘ်လာဘ များ ဆိုတာ လောကီအဆိပ်အတောက်လို့ အရှင်မြတ်က မြင်တော်မူပါတယ်..။
အဝေးသို့ သွားမယ် လို့ ဆုံးဖြတ်ခဲ့တဲ့ အရှင်ကောဏ္ဍည ဟာ ရှင်တော်ဘုရားထံ ခွင့်ပန်တော်မူကာ ဟိမဝန္တာ တောအုပ်အတွင်း ၊ ဆဒ္ဒန်အိုင်အနီး မှာ ရှိတဲ့ မဏ္ဍာကိနီ ရေကန် ဆိပ်ကမ်း အနီး ရေကန်ဆိပ်ကမ်းကို ကြွလှမ်းတော်မူခဲ့ပါတယ်။

အဲဒီ ဆဒ္ဒန်အိုင် မှာ ရှေးအခါတုံးက ပစ္စေက ဗုဒ္ဓါ အရှင်မြတ် တွေကို ပြုစုလုပ်ကျွေး မှုအလေ့အကျင့်ရပြီးသား သက်တမ်းရှည် ဆင်လိမ္မာ ရှစ်ထောင် တို့ ရဲ့ အလှည့်ကျ လုပ်ကျွေးမှုကို ခံယူပြီး ၁၂- နှစ်တာ ကာလ ပတ်လုံး ဖလသမာပတ်ဝင်စားကာ ချမ်းသာစွာ သီတင်းသုံး နေတော်မူခဲ့ပါတယ်..။
အာယုသင်္ခါရ ကုန် ဆုံး လို့ ပရိနိဗ္ဗာန် စံတော်မူခါ နီး မှာ ရှင်တော်ဘုရား ထံ အဖူးမျှော် ရောက်ခဲ့ တာ ဟာ နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်ခဲ့ပါတယ်..။
ပါရမီးတော်ခရီး အပြီးသတ် ခဲ့ တဲ့ နေရာ ကတော့ ၁၂- နှစ်တာ ကာလ ပတ်လုံး လုပ်ကျွေးပြုစုတော်မူခဲ့တဲ့ ဆင်တွေ နားက ဆဒ္ဒန် အိုင်အနီးက ကျောင်းသင်္ခန်းလေးမှာ တစ်ပါး ထဲ ခန္ဓာဝန် ချတော်မူခဲ့တာ ကျွန်မ မှာ ဖတ်ရှုရင်း ဆို့နစ်ကြေကွဲ ရပြန်ပါတယ်..။
တောကြီး မြက်မည်း ထဲ မှာ ဖြစ်တာ မို့ လူတစ်ဦး မှမရှိ ၊ ဆင်ပေါင်းရှစ်ထောင် ရယ် နတ်၊ သိကြား ၊ ဗြဟ္မာ ပရိသတ် တွေ ကြီးကျယ် ခမ်းနားစွာ ပူဇော် ကြ တဲ့ ထူးကဲတဲ့ သာဓုကိဠန ပူဇာ ဖြစ်ခဲ့ရပါတယ်..။

နောက်တော့မှ ရဟန်းတော် ၅၀၀ ကောင်းကင်ခရီး နဲ့ ကြွရောက်ပြီး တရားတော်များ ရွတ်ဖတ် ပူဇော်ကြ ပါတယ်..။

ဒီပူဇော်ပွဲ မှာ အရှင်အနုရုဒ္ဓါ မထေရ်မြတ် တရားဟောကြားခဲ့တဲ့အတွက် နတ်ဗြဟ္မာ များ ကျွတ်တန်း ဝင်ကြပါတယ်..။
ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်တွေကို ရဟန်းတော်တွေ ဟာ ရေစစ်အပြည့် နဲ့ ယူဆောင်လာပြီး ဝေဠုဝန် ကျောင်းတော် မုခ်ဦး မှာ အသင့် စောင့်ကြိုနေတဲ့ ဘုရားရှင်ထံ ပေးအပ် ကြပါတယ်..။
ကျေးဇူးတော်ရှင် ဘုရားရှင် ဟာ ဓာတ်တော်အပြည့်ပါတဲ့ ရေစစ်ကို လက်နဲ့ ကိုင်ပြီး သံ ဝေဂ တရားဟောကြားတော် မူခဲ့ ပြီး မဟာ ပထဝီမြေကြီး ကိုလက်ဆန့် တန်းတော်မူခဲ့ပါတယ်..။အဲဒီခဏ မှာ ပဲ မြေကြီး ထဲ မှ ငွေခရု သဏ္ဍန် စေတီ ကြီး တစ်ဆူ ပေါ် ထွက် တော်မူလာ ခဲ့ပါတယ်။
ဘုရားရှင်ကိုယ်တိုင် ထို စေတီကြီး ထဲ မှာ ဓာတ်တော်များကို ထည့်သွင် ဌာပနာ တော်မူ ပေးလိုက်ခဲ့ပါတယ်..။
ဘုရားရှင် ရဲ့ မဟာ သာဝက တွေ ထဲ မှာ ဝါ အကြီး ဆုံး ဆိုတဲ့ * ရတ္တညူ ဧတဒဂ် ဘွဲ့ ထူး* ကို ဆွတ်ခူးတော် မူခဲ့ တဲ့ အရှင် ကောဏ္ဍည ရဲ့ ပါရမီတော် ခရီး ကထိုကဲ့သို့ ပြီးစီးအောင်မြင်ခဲ့ရပါတယ်..။
သူတစ်ပါး ကို ထောက်ထားညှာတာတတ်တဲ့ ၊ လောကုတ္တရာ တရား ကို မြတ်နိုးခုံမင်တတ်တဲ့ ၊ သူတထူးရဲ့ ကျေးဇူးကို ပေးဆပ်တတ်တဲ့ နှလုံးသားရှိတော်မူခဲ့ တဲ့ အရှင်မြတ် ဟာ အနတ္တ လက္ခဏ သုတ္တန် နဲ့ တရားထူးရတော်မူခဲ့ သူမို့ မိမိ အတ္တ ကို စွန့် လွှတ်တဲ့နေရာမှာ ရဲဝံ့ထူးချွန် ခဲ့တာပါပဲ..။

လကို ကြယ် ရံ သလို တင်တယ် စွာခြံရံ နေတဲ့ သံဃာ ပရိသတ် အလယ် မှာ မိမိ ရှိမနေအောင် စီမံ ခြင်းဖြင့် အဂ္ဂသာဝက နှစ်ပါး ရဲ့ လွတ်လတ်ချမ်းသာစွာ သီတင်းသုံး နေထိုင်မှုကို ဖန်တီးပေး သွားခဲ့ပါတယ်..။
နေရာ တစ်ခုကို လု နေကြတဲ့ ဒီခေတ် ထဲ မှာ မိမိ ပါဝင်ချင်တိုင်း ကျွန်မ မှာ အရှင်ကောဏ္ဍည ကို အမြဲသတိရ မိအောင် ဒီစာလေးကို ရေးမိပါတယ်..။

တော ထဲ မှာ ပဲ တရားအားထုတ် ..တောထဲ မှာ ပဲ ဘဝ ဆုံး ခဲ့တဲ့ အရှင်မြတ် သို့ ဆို့ ဆို့ နစ်နစ် ….နာကျင်သော နှလုံးသား ဖြင့် ပူဇော် ရင်း..တိုးတိုးလေးရေရွတ် လျှောက်ထားမိပါတယ်….
*အဝေးဆုံး* တဲ့လားဘုရား..ဟူ၍သာ..။

မေတ္တာဖြင့်
သစ္စာအလင်း