Sunday, September 13, 2009

မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)


မိန်းမသားဆိုတာ---အားနွဲ့ပါသတဲ့---
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်
အထင်သက်သက် သာဖြစ်ပေ...လိမ့် …..။
နာကျင်မှုတွေ အဆုံးစွန်...
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။
ချွေးစက်တွေက ---ဇီးကင်းတမျှ
မျက်ရည်များလည်း မကျချင်။
လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊
ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။
ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း----- မရိုင်းစေနဲ့။
နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။
ကဲ----အစွမ်းကုန် စုစည်း
ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။

ဘာလေးလဲဟင်၊
အင်္ဂါစုံလား....ပေါင်ပြည့်လား နဲ့
မနားနိုင်ပါ။
သား---ဆိုပါ့လား၊
လျှပ်ပျက်သွားသလို....လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ
အသေအချာမှတ်မိနေခဲ့တယ်။

သား--တဲ့
ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...ထုဆစ်
ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊
သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။

ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....ဖန်ဆင်းရှင် မရှိ
ပကတိ စွမ်းအားရှင်-----မိခင် ဖြစ်တယ် ကလေးရေ..။

ကြီးကျယ်သောမေတ္တာတရား
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။
နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
မဟာသမုဒ္ဒရာဟာ ရေအိုင်ငယ် သဖွယ်တဲ့။
ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။

တကယ်လို့များ
သားရဲ့အမေ၊ သည်အမေ ဟာ
တဏှာမြှေးယှက် ၊ မပေးရက်သူ။
ပေမ ငါးမျိုး ၊ မကိုးစားသူ။
မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။
အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။
သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။
တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။
ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။
ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊
ဟိုအဝေးမှ အေးမြစေသူ။
ထိုထိုသူများ၊ ဖြစ်နေငြားလျှင်
မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်
ခံစား နားလည်
သားကျေနပ်မယ် ယုံကြည်တယ်။
ချစ်သောမေမေ
(လွန်ခဲ့သော ၂၂နှစ် - (၁၃.၉.၁၉၈၇) သားကြီး ကိုဥဂ္ဂါ ဘဝထဲကိုရောက်ရှိခဲ့သော မွေးနေ့အမှတ်တရ အဖြစ်)

8 မှတ်ချက်ရေးရန်:

ဦးလောကနာထ said...

မိဘတစ်ဦးရဲ့ သားအပေါ်မှာ ခံစားခဲ့ရတဲ့ မေတ္တာတရား စေတနာတရားတွေကို အသိအမှတ်ပြု ခံစားသွားပါတယ်...

သားဖြစ်သူကော မိခင်ပါ ဒီနေ့မှစ၍ ငြိမ်းချမ်းသာယာ ရှိကြပါစေ...

မိသားစုအားလုံး ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...

ဦးလောကနာထ
၉.၁၂.၂၀၀၉

Ashin said...

အမေ့မေတ္တာနဲ့ ရေးထားတဲ့ စာကြောင်းတိုင်းမှာ ရဲရင့်ခြင်းတွေ ဘ၀ခွန်အားတွေ ပြည့်နှက်နေတယ်၊ မေမေရဲ့သား ကိုဥဂ္ဂါ.မွေးနေ့မှသည် အမှန်တရားဆီ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ပါစေ။

သားဥဂ္ဂါ said...

မေမေ
ကျေးဇူးပါမေမေ
မွေးနေ့ကိုဘယ်သူမှသတိမရတဲ့အချိန်မေမေရဲ့မွေးနေအမှတ်တရကတအားပါပဲမေမေရေ

mo said...

အန်တီရေ
အမေ့ မေတ္တာနဲ့ ရေးထားတဲ့ စာကြောင်းတိုင်းက တန်ဖိုးဖျက်လို့ မရဘူးနော်။

The Bliss Of Emancipation said...

မိခင်တစ်ယောက်ရဲ့ မေတ္တာကို ကိုယ်ချင်းစာ နားလည်ခံစားရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့် မိခင်ကို သတိရမိပါတယ်။ အမနှင့်ညီလေးတို့  မွေးနေ့ ရက်မြတ်မှသည် ဘ၀ဆုံးတိုင် အေးချမ်းပျော်ရွှင်စွာဖြင့် သာသနာပြုနိုင်ကြပါစေ။

စုမြတ်ရတနာ said...

မေမေရေမီးမီးအလှည်.ရောက်တော.မယ်နော်။:-)

စုမြတ်ရတနာ said...

မေမေရေမီးမီးအလှည်.ရောက်တော.မယ်နော်။:-)

မောင်ကောင်း said...

ကောင်းမွန်ြမင့်မြတ်တဲ့ မိဘမေတ္တာကိုဖော်ကျူးတဲ့ ပိုစ့်တစ်ခုပါပဲ...
ဒီလိုမိဘမျိုး.. ဒီလိုသားသမီးမျိုးတွေနဲ့.. ဘ၀ကို အေးချမ်းစွာဖြတ်သန်းရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေ အန်တီ...
ညီလေးဥဂ္ဂါလည်း မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ...