Tuesday, April 5, 2011

တရားအားထုတ်ရခြင်း အကြောင်းရင်း-ဓမ္မပိယဆရာတော်

ဘာဝနာကထာ (၈)

တရားအားထုတ်ရခြင်း အကြောင်းရင်

ယောဂါ ဝေ ဇာယတီ ဘူရီ၊

အယောဂါ ဘူရိသင်္ခယော။

ဧတံ ဒွေဓာပထံ ဉ တွာ၊ ဘဝါယ ဝိဘဝါယစ။

တထတ္တာနံ နိဝေသေယျ၊ ယထာ ဘူရီ ပဝဍ္ဎတိ။

တရားအားထုတ်ခြင်းကြောင့် အသိဉာဏ်ပညာ ဖြစ်ထွန်းသည်။ တရားအားမထုတ်လျှင် အသိဉာဏ်

ပညာ ပျက်စီးမည်။ ဤအသိဉာဏ်ပညာ ဖြစ်ထွန်းခြင်းနှင့် ပျက်စီးခြင်း အကြောင်းရင်းနှစ်မျိုးကို သိပြီးလျှင်

မိမိကိုယ်ကို အသိဉာဏ်ပညာ ဖြစ်ထွန်းတိုးပွားအောင် ကြိုးစားရမည်။ ဤတရားတော်သည် ဘုရားရှင် ဓမ္မပဒ

၌ ဟောကြားထားသော တရားတော်ဖြစ်၏။

အိုးခွက်ပန်းကန်တို့သည် သုံးသာသုံးပြီး သေသေချာချာ ဆေးကြောပွတ်တိုက်ခြင်းမရှိဘဲ ပစ်ထားလျှင်

ကြေးတွေတက်၊ ညစ်ပေပြီး ပျက်စီးသွားသဖြင့် မကြာခင် ပစ်လိုက်ရမည်ဖြစ်၏။ ထို့အတူပင် လက်နှီးစုတ်

သည်လည်း လက်သုတ်၊ အိုးသုတ်၊ ခွက်သုတ်နှင့် သုံးသာသုံးပြီး မဖွတ်မလျှော်လျှင် အိုးမည်းတွေညစ်ပေပြီး

မကြာခင် ပျက်စီးသွားမည်ဖြစ်၏။ ကြာကြာ အသုံးခံမည်မဟုတ်။ အဝတ်အထည်တို့သည်လည်း ဝတ်သာဝတ်

၊ သုံးသာသုံး၊ မဖွတ်မလျှော်ဘဲ ပစ်ထားလျှင် ကြေးတွေတက်၊ ညစ်ပတ်ပြီး ပျက်စီးသွားမည်။ ကြာကြာဝတ်၍

ရမည်မဟုတ်။

မိမိတို့စိတ်ကိုလည်း နေ့စဉ်ခိုင်း၊ နေ့စဉ်သုံးနေ၏။ လောဘဖြစ်စရာ အာရုံနှင့်တွေ့လျှင် လောဘဖြစ်ရ၏။

ဒေါသဖြစ်စရာ အာရုံနှင့်တွေ့လျှင် ဒေါသဖြစ်ရ၏။ ဝေလေလေလုပ်နေလျှင် မောဟဖြစ်ရ၏။ ပညာတတ်၊ ရုပ်

ချော၊ ဥစ္စာပေါ၊ ရာထူးဂုဏ်ထူးရှိပြန်တော့ မာနဖြစ်ရ၏။ ကိုယ့်ထက်သာပြန်တော့ မနာလို ဣဿာဖြစ်ရ၏။ ကိုယ့်ပိုင်ဆိုင်မှုကို ဝန်တိုတော့ မစ္ဆရိယဖြစ်ရ၏။ ဤသို့ဖြင့် မိမိတို့စိတ်အစဉ်သည် ကိလေသာအညစ်အကြေး

တွေ အမြဲတက်၊ အမြဲပေကျံနေတော့၏။

ရုပ်ခန္ဓာကိုတော့ နေ့စဉ် မျက်နှာသစ်ပေး၊ ရေမိုးချိုးပေး၊ သနပ်ခါးလူးပေး၊ မိတ်ကပ်ချယ်ပေး၊ မှန်ကြည့်၊ ခေါင်းဖြီးနှင့် သုတ်သင်ရှင်းလင်း အလှပြင်နေကြ၏။ စိတ်ခန္ဓာ ညစ်ပေမှုကျ ညစ်ပေမှန်းလည်းမသိ၊ သန့်ရှင်းရ

ကောင်းမှန်းလည်းမသိ။ မသိသဖြင့် သုတ်သင်သန့်ရှင်းမှုလည်း မလုပ်။ ထိုအခါ စိတ်သည် ကိလေသာအညစ်

အကြေးတွေနှင့် ညစ်ပေပြီးတော့ ကိလေသာကြေးတွေ၊ ညှော်တွေ ရှစ်သစ်မက တစ်ဆယ့်ခြောက်သစ်မျှ တက်နေလေတော့၏။

ရုပ်ခန္ဓာကို နေ့စဉ်သုတ်သင်သန့်ရှင်း အလှပြင်သကဲ့သို့ စိတ်ခန္ဓာကိုလည်း နေ့စဉ်သုတ်သင်သန့်ရှင်း

အလှပြင်ဖို့လိုအပ်၏။ ရုပ်လှရုံနှင့်အပါယ်လေးပါးက စိတ်ချရသည်မဟုတ်သေး၊ စိတ်လှမှသာ စိတ်ချရ၏။ ထို့

ကြောင့် စိတ်လှဖို့က ပို၍အရေးကြီး၏။ စိတ်လှအောင် ပြုပြင်ဖို့ အဓိကလိုအပ်၏။

စိတ်အလှပြင်ခန်းဟူသည် ဘုရားခန်းဖြစ်၏။ မနက်မိုးလင်းလျှင် ဘုရားခန်းဝင်ပါ။ ဘုရားဆွမ်းတော်၊ ပန်း

တော်၊ ရေချမ်းတော်၊ သစ်သီးဆွမ်း၊ ဆီမီး စသည်များကပ်လှူပါ၊ ဘုရားရှိခိုးပါ၊ ဂုဏ်တော်ပွားပါ၊ ပုတီးစိပ်ပါ၊

မေတ္တာပို့ပါ၊ တရားမှတ်ပါ၊ အမျှဝေပါ။ ဤလုပ်ငန်းစဉ်သည် စိတ်သန့်ရှင်းရေးအလုပ်၊ စိတ်အလှပြင်နေခြင်းဖြစ်

၏။

တစ်နေ့တာ၏ ကန့်လန့်ကာကို ဘုရားတရားအလုပ်နှင့်ဖွင့်လိုက်ပါ။ တစ်နေ့တာ၏လုပ်ငန်းစဉ်ကို ဘုရား

တရားအလုပ်နှင့် နိဒါန်းပျိုး မင်္ဂလာယူလိုက်ပါ။ တစ်နေ့တာ၏စိတ်အစဉ်ကို ဘုရားတရားလုပ်ပြီး ကြည်လင်

အေးချမ်းလှပသောစိတ်နှင့် အစပျိုးလိုက်ပါ။ ဤကမ္ဘာလောက၌ ဘုရားတရားသည်သာ ရတနာအစစ်ဖြစ်

သကဲ့သို့ ဘုရားတရားသည်သာ မင်္ဂလာအစစ်ဖြစ်ပါ၏။ ဘုရားတရားနှင့် တစ်နေ့တာစာမျက်နှာကိုဖွင့်လိုက်

သောနေ့သည် မင်္ဂလာရှိသော၊ ကျက်သရေအပေါင်းနှင့် ပြည့်စုံသော၊ ရတနာထိုက်သော နေ့ထူးနေ့မြတ်ဖြစ်ပါ

၏။

ဤသို့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော စိတ်အစဉ်နှင့် တစ်နေ့တာလုပ်ငန်းစဉ်အတွင်းသို့ဝင်

လိုက်လျှင် တစ်နေ့တာလုံး ပြောသမျှ၊ ဆိုသမျှ၊ လုပ်သမျှ၊ ကိုင်သမျှ စိတ်ကူးကြံစည်သမျှ အဆင်ပြေချောမွေ့

ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်နှက်နေတော့မည်မှာ သေချာပါ၏။

လောဘ၊ ဒေါသစသော ကိလေသာတို့သည် စိတ်၏အညစ်အကြေးများသာဖြစ်၏။ ကိလေသာအညစ်

အကြေးတို့သည် စိတ်ကို မည်းနေအောင်၊ ညစ်နေအောင်၊ ပေကျံနေအောင်၊ မိုက်မှောင်နေအောင်၊ အရောင်မ

ထွက်အောင် လုပ်ထားလေ၏။ “အန္ဓဘူတော အယံလောကော” ဟုဘုရားရှင်ကိုယ်တော်မြတ် ညည်းတွားခြင်း

သည် ဤကိလေသာ အမိုက်မှောင်ကြီးကို မြင်တော်မူရသဖြင့် စိတ်မသက်သာစွာ ညည်းတွားတော်မူခြင်းဖြစ်

၏။

ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်တော်မူခါစ အဇပါလညောင်ပင်ရင်း သီတင်းသုံးတော်မူစဉ် ကမ္ဘာ

လောကကြီးကိုကြည့်ပြီး စိတ်ဓာတ်ကျတော်မူခဲ့ရ၏။ “ သတ္တဝါတွေက ရာဂဒေါသတွေ အားကြီးလိုက်တာ၊ ငါ

တရားဟောလို့လည်း အကျိုးထူးမှာ မဟုတ်ပါဘူး။ ရာဂဒေါသအမှောင်တွေ လွှမ်းဖုံးနေတဲ့ သတ္တဝါတွေဟာ

နက်နဲသိမ်မွေ့တဲ့ ငါ့တရားကို မြင်နိုင်ကြမှာမဟုတ်ပါဘူး။ မမြင်နိုင်တဲ့သူတွေကို ဇွတ်အတင်း တရားပြနေရင် ငါ

ပဲ ပင်ပန်းမှာပဲ၊ အေးအေးနေတာပဲကောင်းပါတယ်” ဟု စိတ်လျှော့သွားတော်မူခဲ့ဖူး၏။

ဘာဝနာအလုပ်အားမထုတ်သော နေ့ရက်သည် အမှောင်ဖုံးသောနေ့ရက်ဖြစ်သကဲ့သို့ ဘာဝနာအလုပ် အားမထုတ်သောသူ၏ဘဝသည် အမှောင်လွှမ်းသောဘဝဖြစ်၏။ ဘာဝနာအလုပ်အားမထုတ်သောသူ၏ မြင်

ကွင်းသည်လည်း လောဘ၊ ဒေါသစသော ကိလေသာအမိုက်တိုက်၊ အမှောင်တိုက်ကြီးက ကြီးစိုးနေလေတော့

၏။

အမှောင်ထဲ၌ အမှန်တရားကို မတွေ့မမြင်နိုင်။ အမှောင်ထဲ၌ ဆူးကိုလည်းမမြင်၊ ငြောင့်ကိုလည်းမမြင်၊

ခလုတ်ကိုလည်းမမြင်၊ အန္တရာယ်ဟူသမျှ ဘာမှမမြင်။ အမှောင်ထဲနေထိုင်သွားလာရသူအဖို့ အလွန် အန္တရာယ်

များလှ၏။ ထို့ကြောင့် အမှောင်ကိုခွင်းဖို့လို၏။ အမှောင်ကို ဘာနှင့်ခွင်းမည်လဲ။ အမှောင်ကိုအလင်းနှင့်သာခွင်း

ရ၏။

မိမိတို့သည် တစ်သံသရာလုံး အမှောင်လမ်းမှာ စမ်းတဝါးဝါးနှင့်သာ သွားလာခဲ့ကြရ၏။ ထို့ကြောင့်

အပါယ်လေးပါးချောက်ထဲကျသည့်အခါကျ၊ ဆင်းရဲဒုက္ခ ဆူးငြောင့်ခလုတ်တွေ နင်းမိသဖြင့် စူးသည့်အခါက

စူး၊ အလွန်ဒုက္ခရောက်ခဲ့၏။

မိမိတို့ အမှန်တရားကို မြင်နိုင်၊ သိရှိနိုင်ဖို့ အလင်းရောင်လို၏။ ထိုအလင်းရောင်သည် ပညာအလင်း

ရောင်ဖြစ်၏။ ထိုပညာအလင်းရောင်ကို ရရှိစေနိုင်သောနည်းသည် ဘာဝနာအလုပ် အားထုတ်ခြင်းသာဖြစ်၏။

ထို့ကြောင့် အမှောင်ခွင်း အလင်းဆောင်နိုင်ဖို့ ဘာဝနာအလုပ်ကြိုးစားအားထုတ်ကြဖို့ လိုအပ်၏ ။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

မြတ်မင်္ဂလာစာစောင် (၂၀၀၅-ခုနှစ် ၊ နိုဝင်ဘာလ)

တိုင်ဝမ် မှ ဓမ္မမိတ်ဆွေ-ကိုနိုင်လင်းဦးရေးသားပေးပို့သော ဓမ္မဒါန ဖြစ်ပါသည်။

1 မှတ်ချက်ရေးရန်:

Htoo said...

Thank you....this post remind me some points I miss.