Sunday, April 17, 2011

ထည့်ထည့်မတွေး ရဲ တည့်တည့်လေး ပဲ နေပါရစေ

မြန်မာ လူမျိုး များက သင်္ကြန် ဟုခေါ်ဆိုပြီး ထိုင်း လူမျိုးများက ဆွန်ကရန် ဟုခေါ်သော အရှေ့ တောင်အာရှ ဒေသ နိုင်ငံများရဲ့ နှစ်သစ်ကူးပွဲ တော် မင်္ဂလာ အခါသမယ သည်ကား ကုန်ဆုံး လွန်မြောက် ၍ နှစ်သစ် တစ်ခုကို ရောက်ရှိခဲ့ပါပြီ..။

အာရုံ တစ်ခုခု အမြဲတမ်းလိုလို ကပ်ညိ ပြီး တည်မှီ ပြီး ရှိကြ ရ တဲ့ ကျွန်မ တို့အားလုံး ရဲ့ စိတ်နှလုံး သည် လွမ်းဆွတ် သတိရခြင်း၊ အောက်မေ့တသခြင်း၊ ဝမ်းနည်းပူဆွေးရခြင်း၊ ရွှင်လန်းတက်ကြွရခြင်း ၊ကြည်နူးချမ်း မြေ့ရခြင်း…..ခြင်းပေါင်းများစွာတို့ ဖြင့် ထုံမွှမ်းတန်ဆာဆင်လျှက် သင်္ကြန်ပွဲတော် ကို ကိုယ့်နည်းကိုယ့်ဟန်..ဟန်ပေါင်း များစွာ ဖြင့် ကျော် ဖြတ် ခဲ့ ကြပါ တော့သည်..။

သင်္ကြန် ဆိုတာကတော့ အဲဒီ ခံစားချက် အားလုံးကို သိလေဟန်ပင် မတူ… သူ့ကိစ္စ အတိုင်း ဖြစ်-တည် ပျက် လျှက် ခရီးဆက် ခဲ့ လေပါပြီ..။ သင်္ကြန်လွန်မြောက် နှစ်သစ်ရောက်ခဲ့ပါပြီကော။

ဟိုတစ်နေ့က ကျွန်မ အဆောင်ရှေ့ မှ ကျောက်ခုံ လေးမှာထိုင်နေစဉ် ထူးဆန်းတဲ့ အဖြစ်အပျက် လေးတစ်ခုတွေ့လိုက်ရပါတယ်..။ ကျွန်မက မနက်တိုင်း လသာဆောင်မှာ စာကလေးတွေကို ဆန်ကျွေးနေကျ မို့ အဲဒီထဲက တစ်ကောင်လေ လား ထိုင်ကြည့်နေမိတာပါ။ စာကလေးတစ်ကောင်ရဲ့ သနားစဖွယ် ဖြစ်ရပ်ကလေးပါ။

ကျွန်မ အဆောင်မှ အာဂျန် အားလုံးလုံး နီးပါးမျှသည် ကားရှိကြသည် မို့ အဆောင်ရှေ့မှာ ကားများစွာ ရပ်နားထား သည်က နေ့စဉ်လိုပါ။ ကားကို သော့ပိတ်ရပ်နား စဉ်မှာ နောက်ကြည့်မှန်လေးသည် အမြဲလိုလို ပိတ် ရက်သားရှိနေတတ်ပါသည်.။

ထိုနေ့က ကားတစ်စီး ကတော့ မပိတ်ပဲ ကားနောက်ကြည့်မှန်လေး က ကားကိုယ်ထည် နှင့် ၉၀ံ စောင်းကာပွင့် နေခဲ့ပါသည်..။ စာကလေးတကောင် ထိုမှန် နားကို ကပ်လျှက် ပျံ သန်းလိုက် ဝင်တိုးလိုက်၊ မှန်နဲ့ ထိလိုက် ပြုတ်ကြလိုက်၊ ပြုတ်ကျရာက ပျံလိုက် ဝင်တိုးလိုက်၊ မှန်နဲ့ ထိလိုက် အကြိမ်ပေါင်းများစွာ..။ ကြာလာတော့…ကျွန်မ က သူ့ကို ကရုဏာသက် လှပြီ..။သူသာ ကျွန်မပြောမဲ့ စကား ကို နားလည်မယ် ဆိုရင် တော့…

*သနားစဖွယ်…စာကလေးငယ် ငယ် ရယ်

အဲဒါ ကြည့်မှန်တစ်ခု ပါ..မင်းမြင်ရတာ စာပျိုမလေး တစ်ကောင် မဟုတ်ပါဘူးနော်….။

ကြည့်မှန်ကလှည့်စားထားတဲ့ ပုံရိပ်တစ်ခုပါကွာ..။

မင်းကတော့ လက်တွဲ ပျံသန်းဖေါ် တွေ့ပြီရယ် လို့ ပျော်နေမလား ပဲနော်..။

ဝမ်းသာအားရ နဲ့ ပြေးသွား မိတ်ဖွဲ့လိုက်တာ..။ မင်းလိုလား တောင့်တနှေတဲ့.. မင်းရင်ထဲကမွန်းကြပ်မှုတွေကိုဖြေလျှော့ပေးမဲ့...ခံစားချက်တွေကို မျှဝေခံစားပေးမဲ့ မင်းကို အားပေးဖေးမမဲ့ မင်းကို ထပ်တူထပ်မျှ နားလည်ပေး တဲ့ Bosom Friend ရပါပြီကောရယ်… လို့ မျှော်လင့် လှိုက်လှဲ ၊ အယ်လဲ ဝမ်းသာ ဖြစ်နေတာ ကိုတော့ ငါ နားလည်ပေးနိုင် ပါတယ်လေ....။

ဒါပေမဲ့ ဒါ အစစ် မဟုတ်ဘူး။ အရိပ် ဟာ အရိပ်..အကောင်မဟုတ်ဘူး။မင်း အရိပ်ကို မှန်ထဲမှာမြင်နေရတာ ပါ.. ။တကယ် တော့မရှိဘူးလို့.. ။ အမှန်ကိုနားလည် ထားမှ မင်းဖြေသာ လိမ့်မယ်လေ..မဟုတ်ရင်တော့ အဲဒီ မှန်ကိုမင်း ရင်ပတ်နဲ့ ထိ…ထိပြီး နာကျင် ဝင်တိုက် ရတာထက် အဆပေါင်းများစွာ မင်းနာကျင်ခံစားရပါလိမ့်မယ်…*

လို့ ကျွန်မ ပြောပြနေမိပါတယ်။

အကြိမ်ပေါင်များစွာ ရင်ပတ်နဲ့မှန် ဝင်တိုက်ပြီးချိန်မှာ တော့ သူကလေးခမျာ မောသွားပုံရပါတယ်..။ ကားပေါ်မှာနား နေရှာ ပါတယ်။ ဒါတောင် မှန်ကို အရိပ်တကြည့်ကြည့်နဲ့..လေ။သံယောဇဉ် ပြတ်ပုံ မပေါ်ဘူး။ အော်..ဘယ်ချိန် ထိများ အားကုန်ခမ်း အောင် စွမ်းဆောင်ရှာနေ အုံးမည် မသိ။ မိုက်လိုက်ပါဘိ စာ သူငယ်..။

ကျွန်မ လည်း ဒါကိုမြင်ရပြီး သွားတွေးမိတာ တစ်ခု ရှိခဲ့ပါတယ်..။ အခန်းပြန်ရောက်တာ နဲ့ ကွန်ပျူတာ ဖွင့် ပြီး အဲဒီ ထဲက ပုံရိပ်တွေကို ဆုပ်ကိုင်ဖမ်းယူ နေတဲ့ ကျွန်မ သည်လည်း အဲဒီ စာကလေး နဲ့ တူနေတာ ကိုပါ..။ ကိုင်း မိုက်မိတာချင်းအတူတူ ဘာများထူးခြား ပါသေးလဲ..အတူတူ ပဲမဟုတ်ပါလား။

· Mail Inbox ထဲမှာ ဘာမေးလ် တွေများရောက်နေပါသလဲ..။G-Talk ဘယ်သူများ အစိမ်းရောင် လေးပြကာ Available Chatting လုပ်နိုင်မှာပါလိမ့်…။

· ငါ့ ဘလော့လေး ဘယ်နှစ်ယောက် စာဖတ်သွားပြီလဲ..Hit Counter ဘယ်လောက် တက်ခဲ့ပါသလဲ ..။ ဘာမှတ်ချက် တွေပေးခဲ့ပါသလဲ..။

· Face Book မှာကော ဘယ်နိုင်ငံက သူငယ်ချင်းတွေ ဘာဓာတ်ပုံတွေတင်ကြပြီလဲ..။

· ငါ့တင်ထားတဲ့ စာတွေကို ဘယ်သူတွေ Like ကြပါသလဲ Friend Request လုပ်ကြပါသလဲ..။

တစ်လဲလဲ နဲ့ မောပဲ မမောနိုင် ကွန်ပျူတာ စကရင် Computer Screen ကို ဝင်ဝင် တိုးလိုက်တာ ရင်ပတ်ကိုအောင့် နေတော့တာပါ ။အရင်တုံးကတော့ TV Screen ကိုပါဝင်တိုက်ခဲ့သေးတာ။ဒါတောင် Black Berry iPhone တွေမကိုင်သေးလို့ ။၂၄ နာရီအပြည့် အရိပ်တွေ ကိုအကောင်လုပ်ရတာ မော ပဲ မမောနိုင်သေးပါလား။

စာကလေးရယ် …သူက မှ တစ်ရက် ၊တစ်ချိန်ထဲ ကိုယ်က နေ့စဉ်..ဘယ်သူက ပိုပိုပြီး မိုက်နေမိသလဲ မသိပါလေတော့။

တံလှပ်ကို ရေထင် ပြီး ကန္တာရ အတွင်း တံလှပ် နောက် ကို လိုက်ရှာ သောရွှေသမင် ရဲ့ ရင်ကွဲတဲ့ဇာတ် လမ်း ကို လူတွေကပဲ ရေးကြ၊ ဖွဲ့ကြတာနော်.. ရွှေသမင်ရယ် မိုက်လေခြင်းတဲ့..။

မီးဆိုတာ ပူ တယ် ဆိုတာ မှန်ပေမဲ့ မှောင်မိုက်လွန်းတဲ့ လကွယ်ည များစွာ ထဲမှာ နေရလွန်း တော့လည်း လင်းချင်းမှု ဆိုတာ လေး တစ်ခုကို အားကိုးမှီတည်ရာ များဖြစ်လေမလား ဆိုတာ မျှော်လင့်မိပြန်တာပါပဲလေ..။ ဒါနဲ့ ပဲ တစ်ပန်းဟိုက် ဟိုက် ၊ တရှိုက်ငင်ငင်…ကြင်နာ စုံမက် ၊ နှစ်သက်စွာ မီးလျှံ ဆီသို့ တိုးဝင်ခဲ့ လေသော ပိုးဖလံ ကိုလည်း ကရုဏာသက်စွာ (ပိုးဖလံမျိုး မီးကိုတိုး ၊ ကိုယ်ကျိုးနည်းလိမ့်မည်) တဲ့ မှတ်ချက်ပေး ကြတာလည်း လူတွေပါပဲနော်..။

အရိပ်ကို အကောင် လုပ် ၊ အတုကို အစစ်လုပ်၊ အမှားကို မှန် လုပ် ပြီး ပျော်ရွှင် ကျေနပ် နေလေ့ရှိကြတဲ့ ကျွန်မတို့ ပုထုဇဉ် တွေ က..ရွှေသမင် ကိုတော့ မိုက်လိုက် တာတဲ့ .။ပိုးဖလံ ကိုလည်း အသိဉာဏ်မဲ့ လိုက်တာတဲ့…။ကိုယ်ကျတော့ကော….ကော…. ကော…။



တကယ်တော့လည်း အာရုံ နဲ့ ဒွါရ တိုက်တဲ့ အချိန်ခိုက်လေးမှာ ဖြစ်ကြ ရတဲ့ ခန္ဓာ ငါးပါး(ရုပ်နာမ် နှစ်ပါး) တို့သည် တရစပ် မရပ်မနား ပျက်ပြီး ဖြစ်ရင်းပျက် ၊လောင်ရင်း ကုန်၊ ထိရင်းပျောက် ပျက် ပြနေတဲ့သဘောသာ ရှိပါတယ်..။

ကောင်းကင်မှာလျှပ်စစ် လက်သလို ထိပြီး ဖျတ်ကနဲပေါ် မမြင်ရာသို့ဘယ်တော့မှ ပြန်မလာသောပျောက်ခြင်းမျိုးနဲ့ ပျောက်ပြ တော့တာပါ။ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ကတော့ အမြင်ရှင်းအောင် အထက်က ပုံလေးနဲ့ ရှင်းပြဟောပြော ခဲ့ပါတယ်။

အာရိုသိသဘောခန္ဓာငါး ပါးဟာ ရေမြှုပ်လို..ရေပွက်လို…ခဏသာ ဖြစ်တယ်ပျောက်တယ်။ တံလျှပ် လို…အမြင်မှားတယ်..။ ငှက်ပျော တုံးလိုအနှစ်မရှိဘူး။ မျက်လှည့်လို လှည့်စားထားတယ်..လို့ ဒီပုံလေးနဲ့သဘောပေါက်စေခဲ့ပါတယ်..။

အဲဒီသဘောတွေ ကို မမြင်အောင် အဝိဇ္ဇာ က မမြင်အောင်ဖုံးလွှမ်းထားခဲ့ပါတယ်..။ တဏှာ က ချော့ချော့ ထားခဲ့ပါတယ်..။

ဒါဆိုရင် မမြင်၊ မကြည်၊့မကိုင် မတိုက် ရတော့ဘူးလား။ မြင်ကြည့်ကိုင်တိုက် လို့တော့ရပါတယ်..။ တည့်တည့်လေး နဲ့ ထည့်ထည့်မတွေး ခဲ့ရင်ပေါ့။

သူက နင့်အပေါ်ကောင်းတယ်လေ.. သူကကျေးဇူးရှိတယ်လေ..သံယောဇဉ် ရှိခဲ့ဘူးသည်..ခင်ဘူး သည် မင်ဘူးသည်.. ကြင်နာဘူးသည်… နားလည်ဘူးသည်.. ဖေးမဘူးသည်..။စသည်စသည်… ထည့်ထည့်တွေးလျက်…တည့်တည့်လေး မှ သွေဖယ်ခဲ့ကြပါတော့တယ်..။

သိစရာ များကို သိခြင်း မှ ဖြစ်သော လော ကကြီး ကို (သိစရာ) လို့ တည့်တည့်လေးမတွေးပဲ ထည့်ထည့်တွေး သည်နှင့်အမျှ လောက သည် တဏှာ လောဘ ဖြင့်၊မာန ဖြင့် ဒိဋ္ဌိဖြင့် ရုပ်လုံးကြွ လာခဲ့ သည်မှာ ကာလ ရှည်လျား ဘဝများစွာ..မရေတွက်နိုင်ပါလေတော့။

သိစရာ များကို သိခြင်း မှ ဖြစ်သော လော ကကြီး ကို (သိစရာ) လို့ တည့်တည့်လေးတွေး လိုက်သော အခါ ချစ်စရာ မုန်းစရာ လို့ထည့်ထည့် တွေးသော ပြဿနာများအားလုံး ငြိမ်းအေးသွားပါတော့တယ်..။ (မူလဓမ္မဆရာတော်)

နေရေးမှာလည်း လာဘ၊ ယသ၊ ပသံသ၊ သုခ ဟူသော ကောင်းသော လော ကဓံ(၄)ပါးနှင့်တွေ့ရလည်း သိစရာ မျှ သာ ထားနိုင်တော့ ချစ်စရာလို့ထည့်တွေး ကာ လောဘ ၊ မာန များ တက် ပြီးအပါယ် ကျရမယ့် ဘေးဒုက္ခ မှ ကင်ဝေးစေပါတယ်။

အလာဘ၊အယသ၊ နိန္ဒာ၊ဒုက္ခံ ဟူသော ဆိုးတဲ့ လောကဓံ(၄)ပါး နှင့်တွေ့ရလျင် လည်းသိစရာမျှသာ ထားနိုင်ရင်တော့ မုန်းစရာလို့ ထည့်တွေးကာ ဒေါသ၊ သောကများတက် ပြီး အပါယ် ကျရမယ့် ဘေးဒုက္ခမှ ကင်းဝေး စေပါတယ်။

လောကကြီးကို မချစ်တတ် မမုန်းတတ်တဲ့လူ ဖြစ်လာ နိုင် ပြီး အကျိုးရှိသော အလုပ်ကို သာ များများလုပ်ကိုင် နိုင် ကြပါလိမ့်မယ်..။ လော ကမှာ ရောထွေးနေတဲ့ အကောင်းအဆိုး အမှားအမှန် ကို ဒီတရားလေး ကလျင် မြန်စွာ ခွဲ ခြား နိုင်သော ကြောင့် ပညာ ကို ဖြစ်စေပါတယ်။

(ချစ်စရာ မုန်းစရာ အထင်များဖြင့် ထည့်ထည့် မတွေးပါနဲ့ ) ဟူသော တရားစကားလေး ဟာ လည်း အဆိုးဆုံးနဲ့ အမှားဆုံးကို သိမြင်နိုင်သော ဉာဏ်ပညာ ကို ဖြစ်စေနိုင်ပါတယ်..။အမှားအမှန် ခွဲခြားသိရာ မှာ အလွန် ခရီး ရောက် သော တရားစကား ဖြစ်တယ် ဆိုတာ ကိုတော့ မူလဓမ္မဆရာတော် ဦးဝိဇယ က ဟောပြခဲ့ဘူးပါတယ်..။

ပါရမီချစ်ရဲ့ မင်္ဂလာ နှစ်သစ် ဖြစ်ပါရစေ လို့တော့ဆုတောင်းခဲ့ ပြီးပါပြီ..။ အခုတစ်ခါတော့ *ထည့်ထည့်မတွေးပဲတည့်တည့် လေးပဲနေနိုင် သောနှလုံးသားဖြင့် တည်ကြည် ကြံ့ခိုင်ပါရစေဘုရား* ဟု ဆုတောင်းခဲ့ သော်လည်း ကျင့်ဆောင်ရမှာ ကတော့ ကျွန်မ ကိုယ်တိုင်သာဖြစ်ပါ တော့သည်။

ထည့်ထည့်မတွေး ရဲ တည့်တည့်လေးပဲနေပါရစေ။

ပါရမီမေတ္တာဖြင့်

သစ္စာအလင်း


1 မှတ်ချက်ရေးရန်:

မြတ်သာသနာ said...

ဒီပို့ စ်လေး ဖတ်ပြီး မိမိလည်း ထည့်ထည့်မတွေးရဲတော့ဘဲ တည့်တည့်လေးပဲ နေနိုင်အောင်ကြိုးစားပါမည်။ အသိ နှင့်အတူ သတိလေး နှစ်သစ်နေ့ တွင်ပေးသည့်အတွက် ကျေးဇူးအထူးပါ.. (မောင်ဓါတု)